ဘိုကလေး ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မားယားကျေးရွာတွင် ယနေ့နံနက်(၉)နာရီကျော်ခန့်က မိုးသည်းလေထန်ခြင်းကြောင့် ဦးဆန်းကိုဦး ပိုင်ဆိုင်သော အလျား(၁၂)ပေ၊ အနံ(၁၅)ပေ၊ အမြင့် (၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကပ်၊ ပျဉ်ခင်းနေအိမ်ဘေးရှိ လုံးပတ်(၈)ပေ၊ အရှည် (၁၆)ပေရှိသော ကုက္ကိုလ်ပင်အမြစ်လန်၍ နေအိမ်ပေါ်လဲကျသည့်အတွက် နေအိမ်ပြိုကျပျက်စီးခြင်းနှင့် ဦးစည်သူ ပိုင်ဆိုင်သည့် အလျား(၂၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကပ်၊ ပျဉ်ခင်းနေအိမ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။
အလားတူ ယနေ့နံနက် မိုးသည်းလေထန်ခြင်းကြောင့် ဘိုကလေးမြို့၊ မြသိန်းတန်ကျေးရွာအုပ်စု၊ မြသိန်းတန်ကျေးရွာတွင်လည်း ဒေါ်ကြွေပိုင်ဆိုင်သည့် အလျား(၁၂)ပေ၊ အနံ(၁၀)ပေ၊ အမြင့် (၁၂)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်ဘေးရှိ လုံပတ်(၃)ပေခန့်၊ အရှည် (၁၆)ပေရှိ မန်ကျည်းပင် အမြစ်လန်၍ နေအိမ်ပေါ်သို့ လဲကျသည့်အတွက် အိမ်ဘေးတစ်ပိုင်း ပြိုကျပျက်စီးခဲ့သည်။
ထိုဖြစ်စဉ်များကြောင့် လူနှင့် တိရိစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း၊ အိမ်ပြိုကျ ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက နီးစပ်ရာဆွေမျိုးများထံသို့ ခေတ္တပို့ဆောင်ထားကြောင်းနှင့် ဘေးသင့်မိသားစုဝင်များအား ကူညီထောက်ပံ့နိုင်ရေး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)