ဇလွန် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာ မူလတန်းကျောင်း ဂျမ်းတိုက်တွင် ယနေ့နံနက် (၁၁) နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အခြေခံပညာမူလတန်းကျောင်း ဂျမ်းတိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးနှင့် ကျောင်းသား ၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ၊ ကျောင်းသား ၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန် စာပေ၏အကျိုးကျေးဇူများ ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဒေါ်မေဒီလွင်က ကျောင်းသား ၊ ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို အသီးသီး အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဇလွန်(ပြန်/ဆက်)