ကျွန်းစု ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်၍ ဒီရေတောသစ်ပင်များ စုပေါင်းစိုက်ပျိုးပေးကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ဒီရေတောပျိုးပင်များ ဖြန့်ဝေပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးဆောင်၍ ဒီရေတော သစ်ပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ လေကာတန်းအုန်းပင်များကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲ၌ ဒီရေတောပျိုးပင် ဗျူးခြေထာက် (၂၀၀)ပင်၊ ဗျူးအုပ်ဆောင်း အပင်(၁၀၀၀)နှင့် အုန်းပင်များကို စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ္တလူကျေးရွာရှိ ပြည်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ ခေတ်မီရေငန် ပုစွန်မွေးမြူရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ကြပြီး ပုစွန်ကန်အတွင်း ရေငန်ပုစွန်များ မွေးမြူဆောင်ရွက်နေမှု၊ ပုစွန်ကန်တစ်ကန်မှ ရက်(၁၁၅)သား မွေးပုစွန်များ ဖော်ယူဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုနောက် ပုစွန်မွေးမြူရေးလုပ်ငန်းတွင် ဆိုလာစွမ်းအင်မှ (၂.၄၅) မီဂါဝပ်ထုတ်လုပ် အသုံးပြုနိုင်ရန် တပ်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ ဆိုလာစွမ်းအင်စီမံကိန်းတွင် ဆိုလာအချပ်ရေ (၄၂၂၄)ချပ် တပ်ဆင်ထားရှိကာ အင်ဗာတာ(၂၅၅)ကီလိုဝပ်(၈)လုံးနှင့် ထရန်စမော်မာ တပ်ဆင်ဆောင်ရွက်ပြီး မီးစက်များနှင့်တွဲဖက်၍ လျှပ်စစ်ထုတ်ယူ အသုံးပြုနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ မွေးပုစွန်များအား ကုန်ချောထုတ်လုပ်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး၍ ပုစွန်များ တိုးချဲ့မွေးမြူနိုင်ရန်အတွက် ပုစွန်ကန်များ တိုးချဲ့ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန ကျွန်းရတနာခန်းမတွင် ကျင်းပသည့် ဥယျာဉ်ခြံစိုက်ပျိုးသူ တောင်သူများအား ကော်ဖီပျိုးပင်၊ ကိုကိုးပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးသည် ရေ၊ မြေ၊ ရာသီဥတုအရ မြေနိမ့်ကော်ဖီ စိုက်ပျိုးဖြစ်ထွန်းသည့်ဒေသဖြစ်ပြီး လက်ရှိတွင် ကော်ဖီစိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း၊ မိမိတို့ဒေသသည် တောင်ကုန်းတောင်တန်း ပေါများတာကြောင့် ကွမ်းသီးခြံများ အများအပြား စိုက်ပျိုးလျက်ရှိရာမှာ ကော်ဖီနှင့် ကိုကိုးသီးနှံများကို ကွမ်းသီးပင်ကြား သီးညှပ်စိုက်ပျိုးခြင်းဖြင့် တောင်သူများအနေနဲ့ သီးနှံ နှစ်မျိုး လုံးကနေ ဝင်ငွေရရှိနိုင်မှာဖြစ်သလို ဝင်ငွေများတိုးတက်ရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီသီးနှံကို တိုးချဲ့စိုက်ပျိုးကြရန်နှင့် ကော်ဖီနှင့် ကိုကိုးသီးနှံသည် ဈေးကွက်အလားအလာကောင်းသည့်အပြင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်လည်း ထုတ်လုပ်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က ဥယျာဉ်ခြံစိုက်ပျိုးသူ တောင်သူများအား ကော်ဖီပျိုးပင်၊ ကိုကိုးပျိုးပင်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျွန်းစုမြို့နယ်အတွင်း ကော်ဖီနှင့် ကိုကိုးစိုက်ဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အကျိုးဆောင်တောင်သူများအား ကော်ဖီပျိုးပင် အပင်(၂၀၀၀၀) နှင့် ကိုကိုးပျိုးပင် အပင် (၄၀၀၀)ကို ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဥယျာဉ်ခြံစိုက်ပျိုးသူတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )