မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်း

မအူပင် ဇူလိုင်လ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လေးအိမ်စုကျေးရွာအုပ်စု လေးအိမ်စုကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

ရှေ့ဦးစွာ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေသည်  ကျေးရွာပိုင်အများပိုင် ငွေကြေးတစ်ရပ်ဖြစ်ကြောင်း၊ ရန်ပုံငွေကို ကျေးရွာလူထုက ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိသဖြင့် ကျေးရွာကော်မတီနှင့် အသင်းသားအသင်းသူများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာမည် ဖြစ်ကြောင်း စီမံကိန်းရန်ပုံငွေမှ ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်သောကြောင့် ဆင်းရဲမှုကို လျော့ချလာနိုင်မည်ဖြစ်သည့်အပြင် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရန်ပုံငွေကျပ် ၃၀၀ သိန်းကို မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးနှင့် စီမံကိန်းတာဝန်ခံများက လေးအိမ်စုကျေးရွာ  စိုက်ပျိုးရေးလုပ်ငန်း   လုပ်ကိုင်သူ ၇၇ ဦး ၁၇.၀၅ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၉ ဦး ၁.၈သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၅ ဦး ၀.၉၅ သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ ၃၉ ဦး ၈.၄၅ သန်း၊  သက်မွေးလုပ်ငန်းလုပ်ကိုင်သူ ၉ ဦး ၁.၇၅ သန်း၊ စုစုပေါင်း အသင်းသူအသင်းသား ၁၃၉ ဦးကို ငွေကျပ် ၃၀၀ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)