ကျိုက်လတ် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရပ် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျိုက်လတ်မြို့နယ်၊ လှိုင်းတာကျေးရွာအုပ်စု၊ ကျွန်းထိပ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းသို့ ရေ၀င်ရောက်နေမှု အခြေအနေနှင့် လှိုင်းတာရေတံခါး တာဘောင်ကြံ့ခိုင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ခိုလှုံရာနေရာစီစဉ်ထားပြီး အချိန်နှင့်တစ်ပြေးညီ သတင်းပို့ ဆက်သွယ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှု သတင်းအမှန်ရရှိစေရေး၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီရောက်ရှိစေရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန် စသည်ဖြင့် မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)