ကျောင်းကုန်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ကျား/မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဥ်ယဉ်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောင်းကုန်းမြို့မစခန်းရုံးမှ ဒုရဲအုပ် မြင့်ဝင်းက အကြမ်းဖက်မှု ပပျောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်လူမှုဝန် ထမ်း ဦးစီးမှူး ဒေါ်သီတာဝင်းက အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး ပြောကြားခဲ့ ပြီး၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ စောသောမတ်စ်ခါးက အကြမ်းဖက်မှုနှင့်ပတ် သက်၍ ဥပဒေဆိုင်ရာအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်နှင်းနှင်းအောင်က ကျား/မ အခြေပြုအကြမ်းဖက်မှု ပုံစံအမျိုးမျိုးအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ အသိပညာပေး လက်ကမ်းစာစောင် ဝေငှကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)