ကျိုက်လတ် ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေ လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ အလှူငွေ ကောက်ခံရရှိမှု အခြေအနေများနှင့် ဂုဏ်ပြုဆုချီးမြှင့်မည့် အခြေအနေများကိုလည်းကောင်း၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးအောင်သက်က မြို့နယ်အတွင်း ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၏အရေအတွက်နှင့် ဆုချီးမြှင့်ပွဲ တက်ရောက်မည့်ကျောင်းများ စာရင်းကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်းက အခမ်းအနားဆောင်ရွက်ပြင်ဆင်မည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြပြီး အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုတို့တွင် ဖြေဆိုခဲ့ကြရာ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ နှင့် ဂုဏ်ထူးသင်ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်မည့် အခမ်းအနားကို ဇူလိုင်လ(၂၈)ရက်နေ့တွင် ရွှေဧရာအောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်