ကျွန်းလှ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ကျွန်းလှ ဇူလိုင် ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျွန်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသိဏ်းမောင်က အမှာစကားပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ချောချောကြည်က ကျေးရွာအချက်အလက် ဆိုင်ရာများ ကောက်ယူခြင်း၊ စီမံကိန်းရေးဆွဲနည်း ပို့ချပြီး ကျေးရွာနှစ်ရွာမှ သင်တန်းသား (၇) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကို ဘိုကုန်းကျေးရွာနှင့် စသာကုန်းကျေးရွာတို့တွင် တစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေကျပ် ၁၅ သန်းဖြင့် ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို (ပြန်/ဆက်)