ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူ ၈၀၀ ကျော်ကို ကူညီပြောင်းရွှေ့ထား

ရေနံချောင်း ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူ ၈၀၀ ကျော်ကို ယာယီတည်းခိုနေထိုင်နိုင်ရန် ရေဘေးရှောင်စခန်းခြောက်ခုတွင် ကူညီပြောင်းရွှေ့ပေးထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မာန်မြေကျေးရွာအုပ်စု၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ဝက်လွတ်ကျေးရွာအုပ်စု၊ ရုံးဆိပ်ကျွန်းကျေးရွာအုပ်စု၊ ဘူးကျွန်းကျေးရွာအုပ်စု၊ ဖောင်းကတောကျေးရွာအုပ်စုတို့ရှိ အိမ်ခြေ ၄၀၈ အိမ်မှ ဒေသခံပြည်သူ ၈၃၂ ဦး၊ ကျွဲကောင်ရေ ၁၈၉ ကောင်၊ နွားကောင်ရေ ၁၂၄၄ ကောင်တို့သည် ရေဘေးရှောင်စခန်း ခြောက်ခုတွင် ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသည်။

အဆိုပါ ရေဘေးရှောင်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယာယီရေဘေးရှောင်စခန်းများသို့ ဇူလိုင် ၉ ရက်နေ့ကစတင်၍ ကူညီပြောင်းရွှေ့ပေးကာ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေ အနည်းငယ်ပြန်လည်ကျဆင်းသွားသော်လည်း ရေဘေးရှောင်ပြည်သူများအနေဖြင့် မိမိတို့နေအိမ်များကို ပြန်လည်နေထိုင်ခြင်းမပြုသေးဘဲ ရေဘေးရှောင်စခန်းများတွင် ဆက်လက်နေထိုင်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)