လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာနေအိမ်များ ရေဝင်နစ်မြုပ်

လှိုင်းဘွဲ ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများအဆက်မပြတ်သည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်အများစုနှင့် ကျေးရွာများအတွင်းရှိ နေအိမ်အများစုမှာ ရေဝင်နစ်မြုပ်မှု ဖြစ်ပွားသည့်အတွက် ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့ပေါ် (၄)ရပ်ကွက်အတွင်းရှိ  ရေဘေးရှောင်စခန်း (၃)ခုတွင် ယာယီရေဘေးသင့်နေကြရသော အိမ်ထောင်စု၊ စုစုပေါင်း(၉၈)စု၊ လူဦးရေစုစုပေါင်း(၄၃၈)ဦးတို့အား အခြေချစစ်ဗျူဟာ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များက ထမင်း၊ ဟင်းနှင့် ဆန်များကို ထောက်ပံ့ဝေမျှပေးလျက်ရှိသည်။

လှိုင်းဘွဲမြို့၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး  မိုးရေချိန်(၆ ဒဿမ ၃၀)လက်မ ရွာသွန်းခဲ့မှုကြောင့် လှိုင်းဘွဲချောင်းရေ၏ စိုးရိမ်ရေအမှတ် (၉၈၀) စင်တီမီတာကို ကျော်လွန်၍ (၁၀၁၆)စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် ဘားအံ-လှိုင်းဘွဲကားလမ်းပိုင်းအချို့ ရေကျော်ခဲ့ပြီး၊ မြို့တွင်းရပ်ကွက်လမ်းအများစုမှာ ရေဝင်ရောက်ခဲ့သဖြင့် မော်တော်ယာဉ်များ သွားလာရခက်ခဲမှုရှိနေကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)