မင်းလှမြို့နယ် မလွန်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

အထက်မင်းလှ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အ‌ခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနာကို ယနေ့နံနက်(၉)နာရီခွဲက မလွန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစန်းအောင်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုုပ်သင်တန်းသို့ မလွန်ကျေးရွာမှ သင်တန်းသူ(၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်(၂၅)ရက် နေ့မှ ဩဂုတ် (၂၃)ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)