ကေ့ာကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်များနှင့်စာသင်ကျောင်းများသို့ ရေများဝင်ရောက်

ကော့ကရိတ် ဇူလိုင် ၂၅

ဇူလိုင်လ ၂၀ ရက်နေ့မှစတင်၍ နေ့စဉ်မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရောမြစ်ရေလျှံတက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များနှင့် စာသင်ကျောင်းအတွင်းသို့ ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟောင်သရောမြစ်ရေချိန်မှာ ၄၆၀‌ စင်တီမီတာအထိ တက်ရောက်လျက်ရှိပြီး ၎င်းမြစ်ရေ၏စိုးရိမ်ရေမှတ်မှာ ၅၃၀ စင်တီမီတာရှိရာ စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် ၇၀ စင်တီမီတာ ကျန်ရှိနေသေးကြောင်းနှင့် ယင်းဟောင်သရောမြစ်ရေလျှံတက်မှုကြောင့် ကေ့ာကရိတ်မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်ရှိ လူနေအိမ်ခြံဝန်းများအတွင်းနှင့် မူလွန်အ.မ.က(၆)၊  အ.မ.က(၁၈)မူလတန်း စာသင်ကျောင်းများအတွင်းသို့  ရေများဝင်ရောက်လျက်ရှိသဖြင့် စာသင်ကျောင်းများယာယီ ပိတ်ထားကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)