ပွင့်ဖြူ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်း(၃၀)အား ယာယီပိတ်ထားခဲ့ရာ ယခုအခါ မြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ယနေ့နံနက်ပိုင်းက ယာယီပိတ်ထားရသည့် စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းနေပြီဖြစ်လို့ မြစ်ရေမြင့်တက်ခဲ့စဉ်က ယာယီပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူတွေကို ပညာသင်ကြားပေးနေပြီဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လို့ ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းပေါင်း(၃၀)ရှိပါတယ်။ ဒီနေ့မှာ ရေဝင်ရောက်လို့ ယာယီပိတ်ထားခဲ့ရတဲ့ ကျောင်းတွေထဲက ရွာထောင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဟာ မြစ်ရေကျဆင်းသွားပြီဖြစ်လို့ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူတွေကို အတန်းပညာတွေ သင်ကြားပေးနေပြီဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေ ကျောင်းသင်ခန်းစာ နောက်မကျစေဖို့ စာသင်ရက်များကို တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာ အစားထိုးဖွင့်လှစ်သင်ကြားပေးဖို့ စီစဉ်ထားပါတယ်”ဟု ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမှာ ပြန်လည်ကျဆင်းလာနေပြီဖြစ်ကာ မြစ်ရေမြင့်တက်စဉ်က ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့ရသော စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိပြီး ရေဝင်ရောက်မှု ရှိနေသေးသော စာသင်ကျောင်းများကိုလည်း မြစ်ရေကျဆင်းပါက ပြန်လည်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)