နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်မည့် အသေးစား၊ အငယ်စားနှင့်အလတ်စား MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ အိမ်တွင်းမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ MSMEs စက်မှုလက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဟူသည့် အချက်နှင့်အညီ လုပ်ငန်းရှင်များပေါ်ထွန်းလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း ပညာပေးသင်တန်းများဖြစ်သော စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ထုတ်လုပ်နည်းများနှင့် စက်မှုလက်မှုနည်းပညာသင်တန်းများကို ဒေသခံပြည်သူလူထုအား နှစ်စဉ်သင်ကြား ပို့ချလျက် ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် မှတ်ပုံတင်ထားသည့် အသေးစားစက်မှုလက်မှုလုပ်ငန်း (၅၀၈)ခုရှိကြောင်း တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်ထံမှသိရသည်။ ၎င်းလုပ်ငန်းများအနက် တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် သင်တန်းတက်ရောက်၍ လူသုံးကုန်နှင့်အလှကုန်များထုတ်လုပ်နေသည့် ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ရှိ Be Wine သဘာဝခေါင်းလျှော်ရည်လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လုပ်ငန်းရှင် ဦးလှမျိုးနှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ လုပ်ငန်းရှင်အမည်၊ လုပ်ငန်းရဲ့နာမည်နဲ့ လုပ်ငန်းလိပ်စာကို မိတ်ဆက်ပေးပါဦး။
ဖြေ။ ။ ကျွန်တော်နာမည်ကဦးလှမျိုးပါ၊ လုပ်ငန်းနာမည်ကBe Wineသဘာဝခေါင်းလျှော်ရည်ထုတ်တဲ့လုပ်ငန်းပါ။ ဒီလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းလိပ်စာကတော့ အမှတ်(၈၂၆)၊ စံပြလမ်း၊ ကြက်စားပြင်ရပ်၊ ထားဝယ်မြို့ဖြစ်ပါတယ်။
မေး။ ။ ဘာကြောင့်ဒီလုပ်ငန်းကို စတင်ခဲ့ပါသလဲ။
ဖြေ။ ။ ကျွန်တော်မှာကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်လိုတဲ့ဆန္ဒ အရင်ထဲကရှိပါတယ်။ ကျွန်တော်မှာရှိတဲ့ ငွေကြေးနဲ့နိုင်တဲ့ လုပ်ငန်းမျိုး လုပချင်တာပါ။ အဲဒီမှာ တနင်္သာရီတိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းတွေဖွင့်နေတာ သိရတာနဲ့ ဆက်သွယ်ပြီး တက်ဖြစ်ခဲ့ပါတယ်။ ဌာနကဆရာမတွေကလည်း ကျွမ်းကျင်ပြီး စေတနာထားသင်ကြားပေးတဲ့အတွက် ကျွန်တော်လည်း သေချာတတ်မြောက်ပြီး လုပ်ငန်းထူထောင်ဆောင်ရွက်ဖြစ်ခဲ့တာပါ။ အဲဒီအတွက်လည်းဌာနကို ကျေးဇူးတင်ပါတယ်။
မေး။ ။ Be Wine က အဓိကထားပြီးထုတ်လုပ်တဲ့ပစ္စည်းနဲ့ ဘယ်နှမျိုးထုတ်တယ်ဆိုတာလဲသိချင်ပါတယ်။
ဖြေ။ ။ Be Wine က သဘာဝခေါင်းလျှော်ရည်ကို အဓိကထားထုတ်လုပ်ပြီး ရေချိုးဆပ်ပြာရည်နဲ့ပန်းကန်ဆေးဆပ်ပြာရည် နှစ်မျိုးကိုလည်း ထုတ်လုပ်ပါတယ်။ သဘာဝအပြင် အသစ်အနေနဲ့ဓါတု ခေါင်းလျှော်ရည်ကိုလည်းထုတ်လုပ်ပါတယ်။
မေး။ ။ ဈေးနှုန်းတွေကကော ဘယ်လိုလူတန်းစားတွေအတွက် ရည်ရွယ်ပြီး သတ်မှတ်ရောင်းချပေးတာလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ အခြေခံလူတန်းစားတွေပါ သုံးလို့ရအောင်နဲ့ အရည်အသွေးကောင်းပြီး ဈေးနှုန်းလည်း သင့်တင့်မျှတအောင် ကြိုးစားပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ လူတန်းစားမရွေး သုံးလို့ရအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ထုတ်ကုန်တွေအတွက်ကုန်ကြမ်းနဲ့ဆက်စပ်ပစ္စည်းတွေကိုဘယ်ကနေဝယ်ယူပါသလဲခင်ဗျာ။
ဖြေ။ ။ ဒေသမှာထွက်ရှိတဲ့ သဘာဝအသီးအနှံတွေကိုပဲ အခြေခံထုတ်လုပ်ထားပါတယ်။ ဘူးခွံ၊ အိပ်ခွံစတဲ့ ဆက်စပ်ပစ္စည်းတွေကိုတော့ ရန်ကုန်ကနေမှာပြီး အသုံးပြုပါတယ်။
မေး။ ။ Be Wine ကထုတ်တဲ့ ထုတ်ကုန်တွေကို ဈေးကွက်ကို ဘယ်လိုဖြန့်ပါသလဲ။
ဖြေ။ ။ ဈေးကွက်ကတော့ အဓိကအားဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာပဲ ကျယ်ပြန့်စွာဖြန့်ဖြူးလျက်ရှိပါတယ်။ ဒါ့အပြင် ရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း ဒေသကြီးဘက်ကိုလည်း အမှာစာများအရ ပို့ဆောင်ပေးလျက်ရှိပါတယ်။ သုံး စွဲသူတွေက ကြိုက်နှစ်သက်ကြောင်းပြန်လည်ပြောပြကြပါတယ်။ တိုးချဲ့တင်ပို့နိုင်အောင်လည်းကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ Be Wine ကထုတ်တဲ့ ထုတ်ကုန်တွေရဲ့ တစ်မျိုးချင်းစီအလိုက် အကျိုးကျေးဇူးများကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ သဘာဝခေါင်းလျှော်ရည်ကတော့ ဆံပင်များ ပျော့ပြောင်းနက်မှောင် သန်စွမ်းစေပါတယ်။ ဒါ့အပြင် ဦးရေပြားယားယံခြင်းနဲ့ဗေါက်များကိုပျောက်စေပြီးဆံပင်ဖြူခြင်းကိုလျှော့ချပေးပါတယ်။ ဆပ်ပြာကတော့ အနည်းငယ်အသုံးပြုရုံနဲ့ အများကြီးဆေးကြော၊ လျှော်ဖွတ် အသုံးပြုနိုင်ပါတယ်။ သဘာဝကိုအခြေခံထားတာဖြစ်တဲ့အတွက် ဘေးဥပဒ်မရှိပါဘူး။
မေး။ ။ ဝန်ထမ်းခန့်ထားလား၊ မိသားစုဝင်နဲ့ဘဲလုပ်တာလား သိပါရစေ။
ဖြေ။ ။ ဝန်ထမ်း(၄)ဦးခန့်ထားပြီးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ထုတ်လုပ်ရေးကဏ္ဍမှာ(၂)ဦးနဲ့ ဖြန့်ချိရေးကဏ္ဍမှာ(၂)ဦးဖြစ်ပါတယ်။ မိသားစုဝင်များလည်းပါဝင်ဆောင်ရွက်ကြပါတယ်။ အမှာစာများတဲ့နေ့ဆိုရင်နေ့စားခေါ်ပြီးဆောင်ရွက်ပါတယ်။
မေး။ ။ ဈေးကွက်၊ လုပ်ငန်းချဲ့ထွင်ဖို့နဲ့ အသစ်တီထွင်ဖို့ အစီအစဉ်ရှိရင်လည်း သိချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ ဈေးကွက်ချဲ့ဖို့ အစီအစဉ်ရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီးရဲ့ ဒေသထွက်ကုန်ဆိုပြီး ပြည်တွင်းကနေ ပြည်ပ Export အထိပါ တင်ပို့နိုင်အောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါ တယ်။ စမ်းသပ်တင်ပို့လျက်ရှိပြီး ကြိုက်နှစ်သက်ကြောင်းသိရှိရပါတယ်။ ထုတ်ကုန်အသစ်အနေနဲ့ ဒေသထွက်သဘာဝပစ္စည်းတွေကို အခြေခံပြီး ရေမွှေး၊ မျက်နှာသစ်ဆပ်ပြာနဲ့ အဝတ်လျှော်ဆပ်ပြာခဲတွေထုတ်လုပ်နိုင်အောင်ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ Be Wine က ထုတ်ကုန်သုံးစွဲသူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ Bewine ကိုသုံးစွဲနေကြတဲ့ မိဘပြည်သူများအားလုံးကိုBe Wine မိသားစုက ကျေးဇူးအများကြီးတင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ သဘာဝရေချိုးဆပ်ပြာရည် အမျိုးမျိုးနဲ့ လူသုံးကုန်တွေကိုလည်း ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ယုံယုံကြည်ကြည်နဲ့ အားပေးသုံးစွဲနိုင်ပါတယ်။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။
မေး။ ။ ဆက်လက်ပြီးလုပ်ငန်းတိုးချဲ့နိုင်အောင် ဘာတွေလိုပါသလဲ။
ဖြေ။ ။ ငွေကြေးအရင်းအနှီးရရင်တော့ လုပ်ငန်းကိုတိုးချဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မေး။ ။ မိမိလိုပဲ တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းဆောင်ရွက်လိုသူတွေအတွက် အကြံပေးစကားလေး ပြောကြားပေးပါဦး။
ဖြေ။ ။ ဆောင်ရွက်လိုတဲ့ လုပ်ငန်းကို သေချာရွေးချယ်ဖို့ ပြောကြားလိုပါတယ်။ မိမိမှာရှိတဲ့ငွေကြေး အင်အားနဲ့ နိုင်တဲ့ လုပ်ငန်းမျိုးကို စတင်ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးမှာ အသီးအနှံတွေနဲ့ သဘာဝသယံဇာတတွေ ပေါများစွာထွက်ရှိတဲ့အတွက်လုပ်ငန်းတွေဆောင်ရွက်ရင်လည်း အောင်မြင်နိုင်ပါတယ်။ လိုအပ်တဲ့နည်းပညာအတွက်လည်း ကျွန်တော်လိုပဲ တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ အကြံပြုပြောကြားလိုပါတယ်။
မေး။ ။ လက်ရှိ MSMEs လုပ်ငန်းများကို အားပေးနေတဲ့အချိန်မှာ MSMEs နဲ့ပတ်သက်တဲ့ဌာနတွေက လုပ်ငန်းကို ဘယ်လိုပံ့ပိုးပေးမှုတွေရှိလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ပံ့ပိုးမှုများစွာရှိပါတယ်။ တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ ကျွန်တော်ရဲ့ထုတ်ကုန်တွေကို ဓာတ်ခွဲစမ်းသပ်မှုများဆောင်ရွက်ပြီး ဘေးဥပဒ်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းများ ပါဝင်ခြင်းမရှိဘဲ အများပြည်သူယုံယုံကြည်ကြည်နဲ့သုံးစွဲရန် သင့်လျော်ကြောင်း ဓာတ်ခွဲအဖြေများရရှိခဲ့ပြီး လုပ်ငန်းကိုလည်း မှတ်ပုံတင်ဆောင်ရွက်ထားရှိပါတယ်။ မှတ်ပုံတင်ထားတဲ့အတွက် သုံးစွဲသူတွေ ယုံကြည်စိတ်ချမှု ရရှိစေပါတယ်။ ဈေးကွက်မှာ တရားဝင်ဖြန့်ဖြူးရောင်းချခွင့်ရှိတယ်။ ပြည်တွင်းပြည်ပ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေ တက်ရောက်ခွင့်ရှိပြီး ထုတ်ကုန်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲနဲ့ ဈေးရောင်းပွဲတွေမှာ ပါဝင်ဆောင်ရွက်ခွင့် ရမှာဖြစ်ပါတယ်။ ဌာနကလည်း အခက်အခဲတွေကိုကူညီဆောင်ရွက်ပေးပြီး စျေးကွက်ကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့နိုင်ငံတော်က MSMEs လုပ်ငန်းတွေကို အားပေးလျက်ရှိတဲ့အတွက် အဲဒီအပေါ် အမြင်လေးလည်းပြောပြပေးပါဦး။
ဖြေ။ ။ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင် လုပ်ငန်းဆောင်ရွက်လိုသူတွေအတွက်လည်း အခွင့်အလမ်းကောင်းပါပဲ။ ဒေသအလိုက် ထုတ်ကုန်တွေပေါများစွာထွက်ရှိလာနိုင်ပြီး ပြည်တွင်းသာမက ပြည်ပစျေးကွက်လည်းရရှိလာမှာဖြစ်ပါတယ်။ ပြည်သူ လူထုအတွက်လည်း အလုပ်အကိုင်တွေ တိုးတက်ရရှိလာနိုင်ပြီး ဝင်ငွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ မိမိရဲ့ကြိုးစားအားထုတ်မှု ကံ၊ ဉာဏ်၊ ဝိရီယအပေါ်မူတည်ပြီး အောင်မြင်ကြမှာဖြစ်ပါတယ်။
ကျော်ကျော်လတ်(ပြန်/ဆက်)