အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အဝေးပြေးယာဉ်ရပ်နားစခန်းအား စစ်ဆေးကြည့်ရှု

အောင်လံ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အဝေးပြေးယာဉ်ရပ်နားစခန်းအား အောင်လံခရိုင်လုပ်ငန်းအရည်အသွေးစိစစ်ရေးနှင့် လက်ခံရေးကော်မတီဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးမြင့်သန်းနှင့် တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်ရေးလုပ်ငန်း လုပ်ငန်းခွင်မှ “အောင်အောင်သော်” ကုမ္မဏီမှဆောက်လုပ်နေသော Express ဂိတ်ခန်း (၈)ခန်း၊ ကားလေးဂိတ်ခန်း (၇)ခန်း၊ စားသောက်ဆိုင်ခန်း (၄)ခန်း၊ ဈေးဆိုင်ခန်း (၈)ခန်း၊ ကုန်စည်ဂိတ်ခန်း (၄)ခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ အမှုဆောင်အရာရှိနှင့် လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာမှ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်လုပ်ငန်းအရည်အသွေးစိစစ်ရေးနှင့် လက်ခံရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းက လုပ်ငန်းလိုအပ်ချက်များကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးတို့အား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ခရိုင်လုပ်ငန်းစိစစ်ရေးနှင့်လက်ခံရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းအဖွဲ့မှ ဆောင်ရွက်နေသည့် (၁၇)လမ်းနှင့် (၁၅)လမ်း ကွန်ကရစ်ခင်းနေသည့် လုပ်ငန်းသို့ရောက်ရှိခဲ့ပြီး လိုအပ်ချက်များကို ဆက်လက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)