ပွင့်ဖြူ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ကျန်းမာရေးဘေးကင်းလုံခြုံစေရန်နှင့် စားသုံးသူအခွင့်အရေးများ သိရှိနားလည်စေရန် ရည်ရွယ်ကျင်းပသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုးထင်းက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းက ဌာနဖြစ်တည်လာပုံသမိုင်းကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်စန္ဒာစိုးလွင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက အရေးဆိုနိုင်သည့် အကြောင်းအရာများနှင့် စားသုံးဆီစားသုံးခြင်း၏ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများအကြောင်းကို ပြောကြားပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ကျောင်းအုပ်ဆရာကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုးထင်းနှင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )