ပွင့်ဖြူမြို့နယ်၌ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စွန့်ပစ်ပလတ်စတစ် အမှိုက်များ လိုက်လံကောက်ယူရှင်းလင်း

ပွင့်ဖြူ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရန်အတွက် မြို့ပြသန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်အတွက် စွန့်ပစ်ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးလင်းမင်းညွန့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့အဝင်/အထွက် လမ်းဘေး(ဝဲ၊ ယာ)တစ်လျှောက်နှင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာမှ ကျောင်းတော်ရာကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကတ္တရာလမ်းဘေး (ဝဲ၊ ယာ)ရှိ စည်းကမ်းမဲ့ စွန့်ပစ်ပလတ်စတစ်အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် လိုက်လံကောက်ယူရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို တွေ့ဆုံ၍ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ မပြုလုပ်ရေး၊ စွန့်ပစ်အမှိုက်များကြောင့် မြို့ပြသန့်ရှင်းရေး ဆိုးကျိုးဖြစ်စေမှုများနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးအတွက် ပလတ်စတစ်ပစ္စည်းများနှင့် ကြွပ်ကြွပ်အိတ်အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့နည်းစေရန်နှင့် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယခုကဲ့သို့ မြို့ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပလတ်စတစ် အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခြင်း၊  ရေနုတ်မြောင်းများနှင့် ရေဆိုးထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်ဆောင်ရွက်ခြင်း၊ နေ့စဉ်အမှိုက်သိမ်းယာဉ်များဖြင့် မီးဖိုချောင်ထွက် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း၊ မြို့ပြသာယာစိမ်းလန်းစိုပြည်ရေး ပန်းအလှပင်များနှင့် အရိပ်ရပင်များ ပြုစုပျိုးထောင်စိုက်ပျိုးခြင်းစသည့် မြို့ပြသန့်ရှင်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )