အထက်မင်းလှ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အိမ်ခြေ (၁၀၆၉)ခု၊ လူဦးရေ(၄၃၁၄)ဦး ရှိပြီး အဆိုပါအိမ်ထောင်စုများမှ တစ်ဦးလျှင် ဆန်တစ်ပြည်နှုန်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ဆန်များအား ထောက်ပံ့ပေးပွဲ ကျင်းပရာ မြို့မရပ်ကွက်မှ အိမ်ထောင်စု(၇)စု၊လူ ဦးရေ(၂၁)ဦး၊ တောင်ရပ်ကွက်မှ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ(၃၅၉)ဦး၊ ရုံးရပ်ကွက်တောင်ပိုင်းရပ်ကွက်မှ အိမ်ထောင်စု(၆၈)စု၊ လူဦးရေ(၂၅၅)ဦး၊ ညောင်ပင်သာကျေးရွာအုပ်စုမှ အိမ်ခြေ(၂၃၇)စု၊ လူဦးရေ(၉၀၇)ဦး၊ ပန်းတော်ပြင်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၅၇)စု၊ လူဦးရေ(၂၂၁)ဦး၊ မလွန်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၂၅၁)စု၊ လူဦးရေ(၉၁၈)ဦး၊ ပေတောကန္နားကျေးရွာအုပ်စုမှ အိမ်ထောင်စု(၃၆၅)စု၊ လူဦးရေ(၁၆၃၃)ဦး စုစုပေါင်းရပ်ကွက်၊ ကျေးရွာအုပ်စု(၇)စုရှိ အိမ်ထောင်စု(၁၀၆၉)စု၊ လူဦးရေ(၄၃၁၄)ဦးအား တစ်ဦးလျှင် ဆန်တစ်ပြည်နှုန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)