အောင်လံ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ ပြည်သူများ အစဉ်ပြေစေရန် အခြေခံစားသောက်ကုန်နှင့် သားငါးများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက တရော်ကုန်းရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အောင်လံမြို့နယ် ကုန်သည်ကြီးများအသင်းတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် သားငါးများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်တစ်ပြည် (၃၀၀၀/-) ကျပ်နှုန်းဖြင့် (၁၀)အိတ်၊ ဆီ ၁ ပိဿာ (၆၀၀၀/-) ကျပ်နှုန်းဖြင့် (၁၂၀)ပိဿာ၊ ကြက်ဥတစ်လုံး (၃၀၀/-)ကျပ်နှုန်းဖြင့် (၆၀၀)လုံး၊ ကြက်သား ၁ ပိဿာ(၁၄၀၀၀)ကျပ်နှုန်းဖြင့် (၂၀)ပိဿာ၊ ဝက်သား ၁ ပိဿာ (၁၂၀၀၀/-)ကျပ်နှုန်းဖြင့် (၁၅)ပိဿာ၊ ဆိတ်သား ၁ ပိဿာ (၁၆၀၀၀/-)ကျပ်၊ အမဲသား ၁ ပိဿာ (၁၃၀၀၀/-)ကျပ် စသည့်အခြေခံစားကုန်နှင့် သားငါးများကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ်ကြာသပတေးနေ့တိုင်း စဉ်ဆက်မပျက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)