ကြံခင်းမြို့၌ ယာယီရေဘေးရှောင်စခန်းရှိ မွေးကင်းစကလေးနှင့် ကျောင်းနေအရွယ်ကလေးတို့အား အသုံးအဆောင်ပစ္စည်းများနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ကြံခင်း ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတော်စုရပ်ကွက်၊ မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမ ယာယီရေဘေးရှောင်စခန်းရှိ မွေးကင်းစကလေးနှင့် ကျောင်းနေအရွယ်ကလေးတို့အား ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက အဆိုပါခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါထောက်ပံ့ရာတွင် ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ‌ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များက မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမ ယာယီရေဘေးရှောင်စခန်းရှိ မွေးကင်းစ ကလေးနှစ်ဦးအား အနီးပိတ်စ၊ မွေးကင်းစ ကလေးဝတ်အင်္ကျီ ၄ စုံ၊ ကြက်ဥ ၂၀ လုံး ၊ ကိတ်ခြောက် ၂ ထုပ် တို့အားလည်းကောင်း၊ ကျောင်းနေအရွယ် မူလတန်းကျောင်းသူတစ်ဦးအား ကျောင်းဝတ်စုံ ၂ စုံ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက်ရွှေတောင်စုရပ်ကွက်၌ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်နေသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး သွန်ဖုံးလဲစစ်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုကာ ခရိုင်မိခင်နှင့်ကလေး စောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက “သန့်လေးသန့်”ကို လူတိုင်းသိရှိနားလည်ကြကာ လူတိုင်းလိုက်နာကျင့်သုံးကြခြင်းဖြင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါအပါအဝင် ရောဂါဘယများစွာတို့မှ ကင်းဝေးစေနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ သဲဖြူကျေးအုပ်စု ကုန်းမြင့်ဘိုးဘွားရိပ်သာတွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ ဆီ ၂ ပိဿာ၊ ကွေကာ အုပ် ၂ ပါကင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘိုးဘွား ၂၉ ဦးတို့အား ကိတ်မုန်တစ်ထုပ်စီ၊ တိုင်းရင်းဆေးများကို ခရိုင်မိခင်နှင့်ကလေး စောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)