နတ်မောက်မြို့နယ် ပ/ဂွေးချိုကျေးရွာ၌ နွေနှမ်းစံကွက် ရိတ်သိမ်း

နတ်မောက် ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့သည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ အဓိကစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကာ ဆီဖူလုံမှုရရှိပြီး ပြည်ပမှ ဆီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အဆိုပါ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ပ/ဂွေးချိုကျေးရွာ ကွင်းအမှတ်(၈၃၇)အတွင်းရှိ တောင်သူ ဦးလူလှ၏ နွေနှမ်းစိုက်ခင်းအား ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီ၌ နွေနှမ်း ၇၈၅ ဧကစိုက်ပျိုးခဲ့ပြီး နတ်မောက်တမံဆည်ရေသောက်စနစ်ဖြင့် နွေနှမ်း ၂၈၅ ဧက၊ ကျောက်တံခါးတမံဆည်ရေသောက်စနစ်ဖြင့် နွေနှမ်း ၄၉၈ ဧကနှင့် မြေအောက်ရေနှင့် နှစ်ဧက စိုက်ပျိုးထားကြောင်းသိရပြီး နွေနှမ်းများမှာ အထွက်နှုန်းကောင်းမွန်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အပင်ပြုစုမှုနည်းစနစ်များကို တောင်သူများအား လက်တွေ့အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး တောင်သူများအနေဖြင့်လည်း စိုက်ပျိုးနည်းစနစ်များကို နည်းစနစ်တကျ လိုက်ပါလုပ်ဆောင်ကြသည့်အတွက် အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

လှဝင်း