သဲကုန်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးထားရှိရာ ယခုမိုးရာသီကာလထွက်ရှိသည့် နဂါးမောက်သီးများစိုက်ပျိုးရောင်းချလျက်ရှိရာ အသီးများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံတောင်သူများအနေဖြင့် နဂါးမောက်သီးများ သဘာဝနည်းစနစ်ဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိရာ စိုက်ပျိုးပြီး ကာလ(၁)နှစ်ခန့်ကြာလျှင် အဖူးအပွင့်များထွက်ကာ သီးကင်းစပြု၍ ပန်းပွင့်ပြီး(၁)လခွဲမှ (၂)လအကြာတွင် အသီးများရင့်မှည့်ခူးဆွတ်နိုင်သည်၊၊ နဂါးမောက်သီးနှံသည်နှစ်ရှည်သီးနှံဖြစ်၍ အဖြူ၊ အနီ၊ အဝါ(၃) မျိုးရှိရာ အပင်မှအတက်များထွက်လာချိန်နှင့် အသီးသီးအချိန်များတွင် ဓာတ်မြေသြဇာ၊ သဘာဝမြေဩဇာများဖြစ်သော ကြက်ချေး၊ နွားချေး၊ ဖွဲပြာ၊ ကြက်ဥခွံများ ကြဲပတ်ပေးခြင်းကို ဆောင်ရွက်ပေးရပြီး၊ ရေကြိုက်သောအပင်မျိုးဖြစ်သည့်အပြင် ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် နေရောင်ခြည်ကောင်းစွာရရှိသော နေရာဒေသတွင်ကောင်းစွာ ဖြစ်ထွန်းသည်။
သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင်ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော နဂါးမောက်သီးနှံများထွက်ရှိရေး၊ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရေးအတွက် နဂါးမောက်သီးများ တစ်ပိုင်တစ်နိုင်စမ်းသပ်စိုက်ပျိုးထားရှိပြီး နဂါးမောက်သီးစျေးကွက်တွင် အလုံးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း နဂါးမောက်ပင်စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)