ရေဦးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် သန်ချဆေးတိုက်ကျွေးခြင်းဆောင်ရွက်

ရေဦး ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် အခြေခံပညာဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် သန်ချဆေးတိုက်ကျွေးခြင်း ပြုလုပ်‌‌ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမကြီး ဒေါ်ဌေးဌေးသန်း နှင့် သူနာပြုဆရာမ ဒေါ်သိမ်မွေ့ခင်တို့က သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေ၀င်းက ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ အသက်အရွယ်၊ အလုပ်ချိန်ကန့်သတ်ချက်၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများနှင့် စာဖတ်သည့်အ‌လေ့အကျင့်ကောင်းများ ရရှိလာစေရန် “စာဖတ်ဝါသနာပြုစုပျိုးထောင်ပါ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၀န်ထမ်းများက  ကျောင်းသား/ကျောင်းသူများအား "ကလေးအလုပ်သမားပ‌ပျောက်‌ရေး” အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့်ဇနီးတို့က  ကျောင်းသား/ကျောင်းသူများအား သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။

သန်းသန်း(ရေဦး)