ဘိုကလေး ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၏စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် ဒေသခံပြည်သူများအား တွေ့ဆုံပွဲနှင့်အတူ ဘိုကလေးကုတင်(၁၀၀)ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများမှ ဒေသခံပြည်သူများကို နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းအား ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ ဘိုကလေးမြို့၊ မလော့ကျေးရွာအုပ်စုရှိ ကံ့ကော်တစ်ထောင်ဘုရား၊ သာသနာ့ဗိမာန်တော်တွင် ကျင်းပဆောင်ရွက်သည်။
တွေ့ဆုံပွဲနှင့် ဆေးကုသခြင်းလုပ်ငန်းမဆောင်ရွက်မီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကံ့ကော်တစ်ထောင် စာသင်တိုက်ဆရာတော်အား တွေ့ဆုံဖူးမြော်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် ကံကော်တစ်ထောင် ဘုရားပတ်ဝန်းကျင် ကျေးရွာအုပ်စုများဖြစ်ကြသော မလော့၊ အေးရွာ၊ မဂူ၊ ညီနောင်ဝ၊ ညီနောင်ဖျား၊ သာပေါင်း၊ သဗြုကုန်း၊ ပိုက်စလကျေးရွာအုပ်စုများမှတွေ့ဆုံပွဲ တက်ရောက်လာကြသည့် ပြည်သူများနှင့်တွေ့ဆုံပြီး မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက မိမိတို့ဒေသ အေးချမ်းသာယာရေးအတွက် ဒေသခံများ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးအတွက် ယခုကဲ့သို့ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းထွေးမွန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူုး ရဲမှူးစိန်လွင်အောင်၊ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဦးတို့က ဒေသတွင်းလုံခြုံရေးဆိုင်ရာများ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူး၊ ဦးထွန်းထွန်းနိုင်က လူဦးရေသန်းခေါင်စာရင်းဆိုင်ရာ ကိစ္စရပ်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးက မိုးစပါးရာသီ အထွက်နှုန်းတိုးတက်ရေး ကိစ္စရပ်များ၊ ဘိုကလေးကုတင်(၁၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာအောင်သူထက်က သွေးလွန်တုပ်ကွေးရောဂါနှင့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ဆိုင်ရာများအား အသီးသီးဆွေးနွေး အသိပညာပေးခဲ့သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ဘိုကလေးကုတင်(၁၀၀)ပြည်သူ့ ဆေးရုံအုပ်ကြီး၊ ဒေါက်တာအောင်သူထက် ဦးဆောင်သော သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ၊ အရိုးအကြောအထူးကုဆရာဝန်ကြီးများ၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ ULTRASOUND ဆရာဝန်ကြီးများက တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံများအား အခမဲ့ဆေးဝါးကုသပေးခဲ့ကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့်လည်း ဒေသခံများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းနှင့် ဆေးဝါးကုသရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှလည်း ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)