တောင်ငူ ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့်ဇနီးအားအမှူးထား၍ ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သြဝါဒခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး ကြာနီကန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘန္ဒန္တသူရိယဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သြဝါဒစရိယဆရာတော်ကြီးများက ပရိတ်တရားတော်များချီးမြှင့်ပေးပြီး အလှည့်ကျဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးယဉ်ဌေးက ငွေစာရင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ဖတ်ကြားအစီရင်ခံလျှောက်ထားသည်။
ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချို၊ တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ်စွမ်းလှိုင်မင်း၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက သြဝါဒစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် သြဝါဒစရိယဆရာတော်ကြီးများက သြဝါဒကထာမိန့်ကြားချီးမြှင့်ခြင်းနှင့် ရေစက်ချတရားချီးမြှင့်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းကာ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)