တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတက်ရောက်၊ သားဖွားသင်တန်းကျောင်း (မြိတ်)တွင် သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်

မြိတ် ဇူလိုင် ၂၄

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊  ဝန်ကြီးချုပ် ဦးမြတ်ကိုက အခွန်ကောက်ခံရရှိမှုသည် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကို ပုံဖော်ပြောင်းလဲနိုင်တဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါသဖြင့် ရသင့်ရထိုက်သောအခွန်များ အပြည့်အဝ ကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများအတွက် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေးနှင့် ညီညွတ်မျှတသော အခွန်အခများရရှိရေးတို့အတွက် ရသင့်ရထိုက်သော အခွန်အခများ ပြည့်ပြည့်ဝဝရရှိအောင် ကောက်ခံရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၈၉ တွင် “နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်”ဟု နိုင်ငံသားတိုင်းရဲ့တာဝန်ကို ဖော်ပြ ထားပါကြောင်း၊ “ အခွန်ငွေပမာဏတိုးမြှင့်စည်းကြပ်ခြင်းထက် အခွန်နယ်ပယ်ကို ချဲ့ထွင်၍ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ပြည့်ဝအောင်ကောက်ခံဖို့အတွက်က အခွန်ထမ်းအရေအတွက် ပိုမိုတိုးတက်များပြားလာအောင် ဖော်ထုတ်ရမှာဖြစ်သလို အခွန် ထမ်းများ အားလုံးကလည်း ဥပဒေအရပေးဆောင်ရမယ့် အခွန်အခများကို ပြည့်ပြည့်ဝဝပေးဆောင်ကြရန် လိုအပ်ကြောင်း ပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက  အခွန်ကောက်ခံမှုအထောက်အကူပြု အဖွဲ့၏လုပ်ငန်းတာဝန်များ၊ ကုန်စည်ခွန်များနှင့်ကင်းလွတ်ခွင့်ပြုထားသည့် ကုန်စည်(၄၇)မျိုး၊ ဝန်ဆောင်မှုလုပ်ငန်း(၃၄)မျိုးအကြောင်းအရာများနှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်နေသူများအနေဖြင့်လည်း အဂတိတရားများ ကင်းရှင်းစွာဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက် ၍ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကျော်သိန်းနှင့် မြို့နယ်အခွန် ဦးစီးဌာနမှူး ဦးထက်နေဟိဏ်းတို့မှ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ ကြသူများကသိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း အကြံပြု ဖြေကြားခဲ့ကြသည်။

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့သားဖွားသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြ၍ သင်တန်းကျောင်းတာဝန်ရှိသူများနှင့် သင်တန်းသူများအား ဝန်ကြီးချုပ်ဦးမြတ်ကိုက တွေ့ဆုံ၍ သင်တန်းသူများအား ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည်အထိ ကြိုးစားကြရန် အမှာစကားပြောကြားခဲ့ပြီး သားဖွားသင်တန်းသူများအတွက် သင်တန်းတက်ရောက်နေစဉ်အစား အသောက်အဆင်ပြေမှုရှိစေရန် ထောက်ပံ့ငွေကျပ်သိန်း(၃၀)ကို ဝန်ကြီးချုပ်က ပေးအပ်ရာသင်တန်းကျောင်း ကျောင်းအုပ်မှ လက်ခံရယူခဲ့သည်။ ယင်းနောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)