ထားဝယ်မြို့တွင် "မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး"ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော

ထားဝယ်  ဇူလိုင် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းနည်းစနစ်များနှင့်သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းစသည့် အကြောင်းအရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ထားဝယ်ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးလွင်ကိုဦးက ပျိုးပင်များစိုက်ပျိုးရာတွင် ပျိုးအိတ်မြေလုံးမကွဲစေဘဲ စနစ်တကျစိုက်ပျိုးရန်လိုအပ်ပြီး ရှင်သန်ကြီးထွားမှုကောင်းမွန်စေရန် ပေါင်းရှင်း/ခါးဆွ/မြေတောင်မြှောက်ခြင်း၊ မြေဩဇာကျွေးခြင်း၊ မီးကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမှသာ တစ်ပင်စိုက် တစ်ပင်ရှင်ဒါမှသာတစ်ပင် စိုက်တစ်ပင်ရှင်သန်ပြီး ပိုမိုအောင်မြင်ဖြစ်ထွန်းမှာဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရသည့် ရည်ရွယ်ချက် အောင်မြင်ပြီး အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ပါကြောင်း နှင့်သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောသည်။

ထို့နောက်မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးရဲဝင်းအောင်က ဒေသအတွင်း စိမ်းလန်းစိုပြည်သာယာလှပခြင်းနှင့် သဘာဝပတ်ဝန်း ကျင် ယိုယွင်းပျက်စီးမှုအား လျှော့ချနိုင်ရန်၊ ရာသီဥတုမျှတ မှန်ကန်စေနိုင်ပြီးရာသီဥတုပြောင်းလဲမှု ဒဏ်ကိုဟန့်တားစေနိုင်ရန်၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်လာစေခြင်းဖြင့် သစ်ပင်သစ်တောများ၏ တန်ဖိုးနှင့် သစ်ပင်ချစ်တတ်သည့် အသိစိတ်များတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ဟောပြောရခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ထိန်းသိမ်းခြင်းနည်းစနစ်များအကြောင်း အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ ရေဖြူမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးနိုင်လင်းအောင်က သစ်တောများ ထိန်းသိမ်းကာကွယ်သင့်သည့်အကြောင်း အရာများအား အသိပညာပေးဟောပြောပြီး ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ဘောပင်များပေးအပ်ခဲ့သည်။

ထို့နောက်သစ်တောဝန်ထမ်းများက ကျောင်းသား/သူ၊ဆရာမများအား သစ်ပင်စိုက်ပျိုးမှုနည်းစနစ်များအား ရှင်းလင်းပြောကြားပြီးကျောင်းဝင်းအတွင်းစိမ်းလန်းစိုပြည်စေရန်အတွက်ခရေ၊ ရေတမာ၊ ဗန်ဒါ(၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)