ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုင်းကြီးကျွန်း ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံမှ ဟိုင်းကြီးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသလုံခြုံရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ ဌာနအသီးသီးအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဟိုင်းကြီးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသလိုအပ်ချက်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဒေသလုံခြုံရေး အခြေအနေများ၊ ဒေသတွင်းစိုက်ပျိုးရေးအခြေအနေများနှင့် ဟိုင်းကြီးကျွန်းမြို့အား Clean City၊ Green City၊Smart City ဖြစ်လာစေရေး အခြေအနေများအား ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နံနက်(၁၁း၀၀)နာရီအချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်