ဒေးဒရဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရေး  ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများအနေဖြင့်ပေါင်းစပ်၍ ကျေးရွာဒေသများအရောက် ကွင်းဆင်းဆောင်ရွက်သွားကြရန်၊ မိုးရာသီကာလ ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များကို ပြည်သူများသိရှိနိုင်စေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ပျိုးလယ်မြေများ ပန်းတိုင်အထွက်နှုန်းတိုးထွက်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် သက်ဆိုင်ရာဌာနများ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများက ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းပြီးစီးမှုများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အခြေခံပညာကျောင်း အဆောက်အဦနှင့် သင်ကြားရေး ဆရာ၊ ဆရာမများ ဖြည့်ဆည်းဆောင်ရွက်နေမှုများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ မိုးစပါးစိုက်ပျိုးမည့် ဧကများအား သွင်းအားစုဓာတ်မြေသြဇာများ ထောက်ပံ့ပေးလျက်ရှိသည့်လုပ်ငန်းများ၊ မြို့နယ်ချင်းဆက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနေမှုများနှင့် လိုအပ်ချက်များအား သက်ဆိုင်ရာဌာနအလိုက် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဌာနအလိုက် တင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း