ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်‌ရှိ သုဿန်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ  ဇူလိုင်  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ သုဿန်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၁ ရက်နေ့မှ လုပ်ငန်းများစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ တတိယပတ်တွင် လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၂၄၀)သန်းဖြင့် အရှည် (၂၀၀)ပေ၊ အကျယ်(၁၆)ပေ၊ ထု (၆)လက်မရှိပြီး လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး အတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လမ်း(၁)လမ်း၊ Box Culvert(၁)စင်းနှင့် အုတ်စီပလက်ဖောင်းရေမြောင်း(၃)ခု ဆောင်ရွက်ခဲ့ကြောင်း ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဒေသနေပြည်သူများတို့၏ လူနေမှုဘဝမြင့်တင်စေရေနှင့် သွားလာမှုလွယ်ကူစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)