ဘားအံ၌ အင်အား ၄၀၀ ကျော်ဖြင့် ရေဘေးသဏ္ဌာန်တူရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်

ဘားအံ ဇူလိုင် ၂၄

ကရင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင်ပေါများပြီး နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးရေလျှံလေ့ရှိသည့်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ ကန်သာယာရေပြင်တွင် ရေးဘေးသဏ္ဌာန်တူရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို အင်အား ၄၀၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့သည်။

ဦးစွာ ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး ရေယာဉ်(၄)စီးဖြင့် ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး အနှေးမောင်း၊ အမြန်မောင်းစွမ်းရည်များ သရုပ်ပြသကာ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြစ်ရေကြီးမှုအခြေအနေ အားပြည်သူများသတိပြုစေရေး လှည့်လည်နှိုးဆော်သရုပ်ပြကြသည်။

ထို့နောက် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဘားအံမြို့၊ အနိမ့်ပိုင်းရပ်ကွက်များရှိ ယာယီပြောင်းရွှေ့ပေးရမည့် ပြည်သူလူထုအား စက်လှေများဖြင့် ကယ်ဆယ်မှု၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၏ ရှေးဦးသူနာပြုစုပေးမှု၊ စက်လှေများဖြင့် ကယ်ဆယ်လာသောပြည်သူလူထုအား ကားများ၊ ကူညီကယ်ဆယ်ရေးအသင်းယာဉ်များဖြင့် ယာယီကယ်ဆယ်ရေးစခန်း(ဇွဲကပင်ခန်းမ)သို့ ပို့ဆောင်ပေးမှုတို့အား သရုပ်ပြသခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များက မြစ်အတွင်း စက်လှေမီးလောင်မှုကြောင့် မြစ်အတွင်းခုန်ချခဲ့သည့် ပြည်သူ(၂)ဦးအား ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် စက်လှေမီးလောင်မှုအား မီးငြှိမ်းသတ်မှု၊ ရေငုပ်ဝတ်စုံ(Diving Suit)ဖြင့် ရေငုပ်သရုပ်ပြမှုနှင့် ရေနစ်သူအား ရှာဖွေကယ် ဆယ်မှု၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်(၄)စီးဖြင့် ရောင်စုံကာလာနှင့်ရေပက်သရုပ်ပြမှုတို့ကို သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့ထားရှိသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အရေးပေါ်ရွက်ဖျင်တဲများ၊ စက်၊ ယာဉ်/ယန္တရားများကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသဏ္ဌာန်တူရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုတွင် ပါဝင်သရုပ်ပြခဲ့သူများနှင့်တွေ့ဆုံ၍ ယနေ့သဏ္ဌာန်တူသရုပ်ပြသမှုသည် အမှန်တကယ်ဖြစ်ပေါ်လာမည့် သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပြီး မိမိတို့၏သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ကျွမ်းကျင်မှုရှိစေရန် အစဉ်တစ်စိုက် ကြိုးပမ်းလေ့ကျင့်ထားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးကျရောက်နေစဉ်အတွင်း ပြည်သူတို့၏ အသက်အိုးအိမ်စည်စိမ်းကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကျန်းမာရေးကိုအထူးအလေးထားကြစေလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးကျရောက်လာပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ၏ ကွပ်ကဲရေးရုံး၊ ဆက်သွယ်ရေးရုံး၊ သတင်းနှင့် ပြန်ကြားရေးရုံးနှင့် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ စုဖွဲ့ပြင်ဆင်ထားရှိမှု၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးမည့်ပစ္စည်းများ၊ ဇွဲကပင်ခန်းမအတွင်း ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ရေဘေးသဏ္ဌာန်တူသရုပ်ပြ လေ့ကျင့်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်သူလူထု(၁၀၀)ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)