ဆိပ်ကြီးကျေးရွာ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းသာ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို  တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် ယနေ့‌နံနက်ပိုင်းက  ကံကြီးအုပ်စု၊ ဆိပ်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လတ်တစ်လောဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်သည့် သတိပြုဖွယ် ရာများ၊ လိုက်နာရှောင်ကြဉ်ရမည့်အချက်များနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောပြီး ရေတွင်း၊ ရေကန်၊ ရေစည်နှင့် ရေတင်ကျန်သည့်နေရာများတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်နှင့် ပိုးမွှားတိရိစ္ဆာန်များ ခိုအောင်းနိုင်သည့်နေရာများတွင် ဆေးမှုတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဦးဆောင်၍ မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်‌ရေးအဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများအဖွဲ့က အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)