စစ်ကိုင်းမြို့နယ် ယာယီရေဝင်ပြောင်းရွှေ့ တိရစ္ဆာန်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

စစ်ကိုင်း ဇူလိုင် ၂၄

စစ်ကိုင်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းမြို့နယ် ယာယီရေဝင် ပြောင်းရွှေ့ ကျွဲ၊ နွား တိရစ္ဆာန်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ဒါးဝယ်ဈေးရပ်ကွက်၊ ငါးထပ်ကြီးဘုရာဝင်းအတွင်း ဇူလိုင်(၂၄)ရက်၊ နံနက်(၁၀)နာရီက အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဝင်းစိုး ဦးဆောင်၍ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ဒေါင့်သန်းရောဂါကာကွယ်ဆေး(၂၂၀)ကောင်၊ ပေါင်ပုပ် လက်ပုပ် ရောဂါကာကွယ်ဆေး(၁၅၆)ကောင်၊ စုစုပေါင်း(၃၇၆)ကောင်တို့အား အခမဲ့ထိုးနှံပေးခဲ့ကြသည်။

စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်(၁,၁၅၀)စင်တီမီတာဖြစ်ပြီး ဇူလိုင်(၁၂)ရက်နေ့အထိ စိုးရိမ်ရေအမှတ် ကျော်လွန်ရောက်ရှိရာ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်၍ ရေလွတ်ရာ နေရာများသို့ ယာယီပြောင်းရွှေနေထိုင်ခဲ့ကြပြီး လူနှင့်တိရစ္ဆာန်များအား ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး ယခုအခါ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်အောက် ကျဆင်းနေပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)