ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လေးမျက်နှာမြို့နယ်အတွင်း ယာယီရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ရေကြည်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ပုသိမ် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယခုလ (၂၂) ရက်နေ့ ညနေပိုင်းက လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ယာယီရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော်ကြီးသို့သွားရောက်ခဲ့ကာ ဆီမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူများ ကပ်လှူပူဇော်ဖူးမြော်ခဲ့ပြီးဂေါပကအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် စေတီတော်ကြီးဝင်းအတွင်း ငဝန်မြစ်ရေဝင်ရောက်မှုအခြေအနေများ၊ စေတီတော်ကြီးသို့ ဦးတည်စီးဆင်းနေသည့် ငဝန်ရေလမ်းကြောင်းအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေပြန်လည်ကျဆင်းပါက ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ရှေးဟောင်းသမိုင်းဝင်စေတီတော်များ၊ သာသနိကအဆောက်အဦများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိမ်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သောင်စုကျေးရွာ၊ သောင်ဦးကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ယာယီရေ ဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥခေါက်ဆွဲခြောက်စသည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။ အလားတူ အိုင်သပြုကျေးရွာ၊ မန်းကျောင်းကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဘွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ယာယီရေဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ ကြက်ဥ ခေါက်ဆွဲခြောက် စသည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ မင်္ဂလာရာမကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် မင်္ဂလာရာမကျောင်းတိုက်သီလရှင်ကျောင်းရှိ သီလရှင်ဆရာကြီးတို့အားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားတင်ပြခဲ့သည်။ အလားတူ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့သည်။ ထို့အတူ သီတာရုံကျောင်းတိုက်၊ ဒီပါရုံကျောင်းတိုက်များသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)