ကြို့ပင်ကောက် ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အနောက်ဘက်ခြမ်းရှိ မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် ယနေ့အထိ ကျောင်းပိတ်ထားရသော အခြေခံပညာကျောင်း (၇)ကျောင်းအထိရှိလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် အခြေခံပညာကျောင်း (၂)ကျောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် (၁)ကျောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် (၃)ကျောင်းနှင့် ဇူလိုင်လ၂၃ ရက်နေ့တွင် (၁)ကျောင်း စုစုပေါင်း(၇)ကျောင်း ပိတ်ထားရကျောင်း သိရသည်။
ယင်းသို့ ကျောင်းများယာယီပိတ်ထားရသောကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၉၂ ဦး ပညာသင်ကြားရေးအတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်မခမြစ်ရေကျချိန်အထိ ကျောင်းများခေတ္တယာယီပိတ်ထားမည်ဖြစ်ပြီး ကျောင်းပိတ်ထားရသော စာသင်ချိန်များအား ကျောင်းပိတ်ရက်တနင်္ဂနွေနေ့များတွင် အစားပြန်လည် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)