လှိုင်းဘွဲမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရွာသူ၊ရွာသားများ မိုးစပါးစုပေါင်းကောက်စိုက်ပွဲ ကျင်းပ

လှိုင်းဘွဲ ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာရှိ တောင်သူ ဦးစိုးနိုင်၏ လယ်မြေ (၅) ဧက၌ ဆင်းသုခ မိုးစပါးမျိုးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရွာသူ၊ရွာသားများ ပူးပေါင်း၍ မိုးစပါးစုပေါင်းကောက်စိုက်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် (၁၂၀၈၈၉) ဧက လျာထားပြီး ယခုနှစ် ဇူလိုင်လ တတိယပတ်အထိ မိုးစပါး (၂၅၃၉၇)ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ လှိုင်းဘွဲမြို့နယ်ရှိ လယ်မြေအများစုမှာ မြေနိမ့်ပိုင်းဖြစ်ပြီး ဇူလိုင်လနှင့် သြဂုတ်လအလယ်အထိ မိုးများ၍ ရေကြီး၊ ရေလျှံမှု ဖြစ်ပွားမှုကို  နှစ်စဉ် နီးပါးကြုံတွေ့ရသည့်အတွက် တောင်သူများအများစုမှာ ရေကျနောက်စိုက် သက်တမ်းတို မျိုးစပါးများကိုသာ ပိုမို၍ အားထားစိုက်ပျိုးနေကြရကြောင်း ဓါတ်မြေသြဇာများ စျေးနှုန်းမြှင့်မားသည့်အတွက် သဘာဝမြေဆီ၊ မြေသြဇာကောင်းမွန်ပြီး စပါးအထွက်နှုန်းကို မြှင့်တင်ပေးနိုင်သည့် ပိုက်ဆံလျှော်မျိုးစေ့ကို စပါးမစိုက်ပျိုးမီ ထယ်ထိုး၊ ထွန်မွှေပြီး အရင်စိုက်ပျိုးပေးကြရန် တောင်သူများကို ပညာပေးစည်းရုံးလျက်ရှိပြီး တောင်သူများအနေဖြင့်လည်း လိုက်နာပြီး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းဝတ်ရည်စမ်းက ရှင်းပြသည်။

စောဒိ(ပြန်/ဆက်)