ပေါက်ခေါင်း ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်ယာမြေများတွင် ပြီးခဲ့သည့်ဇွန်လလယ်ပိုင်းကစတင်၍ ချည်မျှင်ရှည်ဝါနှင့်ဝါကြီးများကို စိုက်ပျိုးလျက်ရှိကြောင်း ဝါစိုက်ပျိုးသည့်တောင်သူများထံမှသိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဝါစိုက်ပျိုးတောင်သူအများစုသည် ဇွန်လဝက်ခန့်တွင် စိုက်ပျိုးကြပြီး၊ တချို့တောင်သူများမှာ ယခုထိစိုက်ပျိုးလျက်ရှိသည်။ မိုးစပါးစိုက်ပျိုးမရနိုင်သည့် လယ်ယာမြေမှတောင်သူများမှာ ဇွန်လဆန်းပိုင်းက စတင်ထွန်ယက်စိုက်ပျိုးနိုင်ကြောင်းသိရသည်။ ချည်မျှင်ရှည်ဝါစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မှာယူစိုက်ပျိုးကြပြီး၊ အချို့တောင်သူများကလည်း ပြင်ပမှဝယ်ယူစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
“ခုနှစ်ချည်မျှင်ရှည်ဝါကို ဇွန်လလယ်ကစစိုက်ပါတယ် ယာခင်း၊ ကုန်ခင်းတွေပေါ့၊ မိုးစပါးစိုက်ပျိုးမရတဲ့နေရာတွေမှာ ခုဆိုစိုက်ပြီး(၁)လကျော်သွားပြီ ဝါမျိုးကတော့ ရာကာ (၆၆၆)ကို ကျွန်တော်ကိုယ်ပိုင်ယာခင်းမှာ ၅ ဧကစိုက်ပါတယ်၊ ကျေးရွာအုပ်စုတစ်ခုလုံးအနေကတော့ ဧက ၁၀၀ ကျော်လောက်စိုက်ပျိုးမှာပါ၊ တချို့တောင်သူတွေလည်း ခုမှထွန်ယက်စိုက်ပျိုးနေတာလည်းရှိတာပေါ့၊ ပြီးခဲ့တဲ့နှစ်က ဝါဈေးကောင်းရပါတယ် ၁ ပိဿာကိုအများဆုံး ကျပ် ၃၄၀၀ ထိကို ရရှိပါတယ်၊ အထွက်နှုန်းအနေနဲ့ကတော့ ပျမ်းမျှတစ်ဧကကို ပိဿာ ၇၀၀ ကနေ ၈၀၀ ထိထွက်ရှိပါတယ် ခုနှစ်လည်း ဈေးကောင်းရရှိမယ်လို့ မျှော်လင့်စိုက်ပျိုးထားပါတယ်" ဟုစောကဲကျေးရွာ ဝါစိုက်ပျိုးတောင်သူ ဦးမြင့်နိုင် ကပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီ၌ ချည်မျှင်ရှည်ဝါနှင့် ဝါကြီးစုစုပေါင်း ၁၈၀၄ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဇူလိုင် ၁၅ ရက်နေ့အထိ ၇၅၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)