ကယားပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လွိုင်ကော် ဇူလိုင် ၂၄

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေများ အပြည့်အဝရရှိစေရေး၊ ကောက်ခံရမည့်အခွန်အကောက်များ ကျန်ရှိမှုမရှိစေရေးအတွက် ကယားပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့များနှင့် မြို့နယ်အခွန်ကောက်ခံမှု အထောက် အကူပြုအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီဖြစ်ကြောင်း၊ အခွန်နှင့်ပတ်သက်၍ တာဝန်ရှိသည့် ဌာနများအနေဖြင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများကို ပြည့်ပြည့်ဝဝရရှိအောင် ကောက်ခံပေးရန်လိုအပ်ပြီး အခွန်အခများ ကောက်ယူရာတွင် အခွန်အား တိုးမြှင့်ကောက်ခံခြင်းမပြုလုပ်ဘဲ ယခင်အခွန်နှုန်းထားများအတိုင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက်မကျန်ရှိအောင် ကောက်ခံခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းနှင့် ပြေစာထုတ်ပေးသော်လည်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းများကို စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာ အခွန်ဝန်ထမ်းများက စစ်ဆေးခြင်း၊ ယင်းသို့ပျက်ကွက်မှုများအပေါ် တည်ဆဲအခွန်ဥပဒေပါအတိုင်း ကြပ်မတ်ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပုံမှန်ကောက်ခံလျက်ရှိသော အခွန်များအပြည့်အဝရရှိစေရေးနှင့် အခွန်လွတ်ကင်းမှုမရှိစေရေး၊ ရသင့်ရထိုက်သော အခွန်များ တိုးတက်ကောက်ခံရရှိရေး သက်ဆိုင်ရာ အခွန်ကောက်ခံရန် တာဝန်ယူထားသော ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဒေသအလိုက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက အခွန်ကောက်ခံသည့် ဌာနများကို လိုအပ်သည်များ ကြီးကြပ်ကွပ်ကဲ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြရန်တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနက ပြည်နယ်အတွင်း အခွန်ကောက်ခံရရှိမှု အခြေအနေများအားလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ရသင့်ရထိုက်သည့် အခွန်များကင်းလွတ်မှုမရှိစေရေးနှင့် အခွန်တိုးတက်ကောက်ခံရရှိစေရေးတို့အတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ အားအသီးသီးဆွေးနွေးတင်ပြခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြခြင်းများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)