လိပ်သို ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မိုးအဆက်မပြတ် ရွာသွန်းနေပြီဖြစ်သောကြောင့် ဒေသခံတောင်သူများသည် မိုးစပါးစိုက်ပျိုးနိုင်ရန် လယ်ယာလုပ်ငန်းခွင်များတွင် အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဒေသခံများ၏ လယ်ယာမြေများမှာ တောင်ကုန်းတောင်တန်းများအကြားတွင် တည်ရှိနေသောကြောင့် မိုးစတင်ရွာသွန်းချိန်မှစတင်ကာ တောင်ကုန်းများမှ စီးဆင်းလာသော မိုးရေများ မိမိတို့၏ လယ်ယာမြေများသို့ ရာနှုန်းပြည့်စီးဝင်စေရန် တမံငယ်များပြုလုပ်ခြင်း၊ ရေသွယ် မြောင်းများ ဖောက်လုပ်ပြုပြင်ခြင်း၊ ကန်သင်းပြုပြင်ခြင်း၊ ထယ်ထိုးထယ်လှန်ခြင်း၊ ပျိုးကြဲပျိုးထောင်ခြင်းလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
ရှေးယခင်ကာလများက တိရစ္ဆာန်များဖြင့်သာ လုပ်ကိုင်လာခဲ့ကြရာမှ ယခုကာလတွင် လယ်ယာသုံး စက်ကိရိယာများဖြင့် လုပ်ကိုင်လာကြပြီဖြစ်သောကြောင့် မိုးစပါးစိုက်ပျိုးနိုင်ရန် လယ်ယာမြေပြုပြင်ထွန်ယှက်ခြင်းလုပ်ငန်းများကို အချိန်တိုကာလအတွင်း လုပ်ကိုင်ပြီးစီးနေကြ ပြီဖြစ်၍ တောင်သူများက စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိနေပြီး အချို့တောင်သူများက စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)