ပခုက္ကူမြို့၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

ပခုက္ကူ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုရှိမရှိ အခြေအနေများကို ယနေ့နံနက် ၈ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများ၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေသည့် အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အလှကုန်ပစ္စည်းများရောင်းချမှုရှိမရှိ၊ ကုန်အညွှန်းအမှတ်များ ပြည့်စုံမှန်ကန်ဖော်ပြထားမှု ရှိ၊ မရှိ၊ စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် အလှကုန်ပစ္စည်းများ ရောင်းချထားမှု ရှိ၊မရှိ အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြသည်။

ထို့နောက် တာဝန်ရှိသူများက စားသုံးရေးရာဥပဒေနှင့်အညီ ထုတ်လုပ်ဖြန့်ချီထားသည့် အလှကုန်ပစ္စည်းများ‌ရောင်းချရေး၊ စားသုံးသူပြည်သူများ၏ ကျန်းမာ‌ရေးနှင့်ကိုက်ညီပြီး FDA မှ တရားဝင်ခွင့်ပြုထားသည့် အလှကုန်ပစ္စည်းများရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များနှင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)