မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ကျဆင်းနေပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

မင်းဘူး ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အောက်သို့ ရောက်ရှိကာ စာသင်ကျောင်းများ  ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် (၃) ပေကျော် မြင့်တက်စဉ်က အ.ထ.က (ခွဲ) သနပ္ပင်စု၊ အ.ထ.က(ခွဲ) ပေါက်ငူ၊ အ.လ.က နိဗ္ဗာန်ကျွန်း၊ အ.လ.က မန်းကျိုး၊ အ.လ.က(ခွဲ) ငွေသောင်၊ အ.မ.က(လွန်) ပဒေသာကျွန်း၊ အ.မ.က ထုံးမကြီး၊ အ.မ.က ရွာသစ်ကုန်း၊ အ.မ.က မြောက်ရပ်၊ အ.မ.က (ခွဲ) ပေါက်လေးပင် စသော စာသင်ကျောင်း (၁၀) ကျောင်းအထိ ပိတ်ထားရသည်။

ယခုအခါ မြစ်ရေများ တဖြည်းဖြည်းကျဆင်းနေပြီး စိုးရိမ်ရေအမှတ်အောက် ရောက်ရှိနေသည့်အတွက် ဇူလိုင် ၂၃ ရက်နေ့မှ စတင်ကာ မန်းကျိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်မှ မြောက်ရပ်အခြေခံပညာမူလတန်းကျောင်းတို့ ပြန်လည်ဖွင့်လှစ်ကာ သင်ကြားလျက်ရှိပြီး၊ မင်းဘူးမြို့၏ မြစ်ရေအခြေအနေမှာ ယနေ့နံနက် ၆ နာရီခွဲအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ၁၆၇၃ စင်တီမီတာသို့ ရောက်ရှိနေကြောင်းလည်း သိရသည်။

ဇေယျာထက်(မင်းဘူး)