ပွင့်ဖြူ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် သံကိုင်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ကူကြီးကျေးရွာ၊ ကြည်ကုန်းကျေးရွာနှင့် ဇေယျာမြိုင်ကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲက သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ သွားရောက်ထောက်ပံ့ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်၏ ကြီးကြပ်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေဘေးသင့်ကျေးရွာ ငါးရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၅၀၈ စုအတွက် ကျေးရွာတစ်ရွာလျှင် ဓာတ်ဆားထုပ် ၅၀ ထုပ်စီနှင့် အိမ်ထောင်စုတစ်စုလျှင် တစ်လီတာ သောက်ရေသန့် (၅)ဘူးစီတို့ကို စနစ်တကျ ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ကျေးရွာများမှ ရေဘေးသင့်ပြည်သူများ ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် သောက်ရေသန့်များ၊ ဓာတ်ဆားထုပ်များနှင့် ငရုတ်ကြော်၊ ငါးပိကြော်များကို ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးလျက်ရှိကြောင်း အဆိုပါ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်က ပြောသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)