လွိုင်ကော် ဇူလိုင် ၂၄
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်နယ်တွင်း လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ တစ်ဦးချင်း မိတ်ဆက်တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့် ဆောင်ရွက်ခဲ့မှုကြောင့် ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှောင့်နှေးခဲ့ရပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ များစွာထိခိုက်ဆုံးရှုံးခဲ့ရပါကြောင်း၊ ယခုအခါ လွိုင်ကော်မြို့ ပြန်လည်တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများအား အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရမည့် အချိန်အခါဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်နယ်အတွက်စေတနာထားကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးမှုရှိစေရေး၊ စံချိန်စံညွှန်း အရည်အသွေးပြည့်ဝမှုရှိစေရေးနှင့် ပေးသွင်းရမည့် အခွန်အခများပေးသွင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ဌာနဆိုင်ရာရုံးများဖွင့်လှစ်နိုင်ရေး၊ နေရပ်ပြန်ပြည်သူများလက်ခံခြင်း၊ ပြည်သူများ သောက်သုံးရေလျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူများအခြေခံလိုအပ်ချက်များအား ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကဏ္ဍစုံတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဦးစားပေးအဆင့်အလိုက် ဟန်ချက်ညီဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များအား ဒေသတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသိန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် လုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
၎င်းနောက် လွိုင်ကော်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များ က စုပေါင်း၍ အလှူငွေကျပ်သိန်း (၅၀၀) အားလှူဒါန်းရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)