ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီး

ပွင့်ဖြူ ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် မေလ(၂၀)ရက်နေ့ကစပြီး စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ထိ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၄၇၃၄ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က ချေးငွေများ မထုတ်ချေးမီ သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှုနှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေးရှင်းလင်းဆွေးနွေးပြောကြား၍ စိုက်ပျိုးစရိတ်ချေးငွေများကို ဒေသခံတောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှုအနေဖြင့် မေလ(၂၀)ရက်နေ့မှ ဇူလိုင်လ(၂၃)ရက်နေ့ထိ ဒေသခံတောင်သူ ၃၄၇၅ ဦးအား မိုးစပါးစိုက်ဧက ၁၅၈၁၈ ဧက နှင့် အခြားသီးနှံ  ၁၀၀၇ ဧကအတွက် စုစုပေါင်းစိုက်ပျိုးစရိတ်ချေးငွေကျပ် ၂၄၇၃၄  သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု(၅၁)အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများအနက်မှ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ပြေကြေစွာပေးဆပ်သည့် ဒေသခံတောင်သူများကို မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ်တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကိုလည်း ချေးငွေပြေကြေစွာ ပေးဆပ်မှုအပေါ်မူတည်ပြီး ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်ထံက သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)