မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဆောင်းမြေပဲစိုက်ခင်းများတွင် တောင်သူပညာပေး ကွင်းဆင်း ဆောင်ရွက်

မင်းဘူး နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်း စိုက်ပျိုးထားသော ဆောင်း မြေပဲ သီးနှံ စိုက်ခင်းများ၌ ရောဂါပိုးမွှားကျရောက်မှု အခြေအနေနှင့် တောင်သူပညာပေးခြင်းများကို ယမန်နေ့က မကျီးပင်ကျေးရွာနှင့် ပိုက်သင်ကျေးရွာတို့တွင် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် SAFE CROP တို့ ပူးပေါင်း ဆောင်ရွက် ထားသော ဆောင်းမြေပဲ GAP စိုက်ခင်းများတွင် မျိုးကောင်းမျိုးသန့်များရရှိစေရန် သိပ္ပံနည်းကျ စိုက်ပျိုးနည်း၊ ပိုးမွှာရောဂါ ကျရောက်မှုအန္တရာယ် ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ သဘာဝ မြေဩဇာများကို စနစ်တကျ သုံးစွဲနိုင်ရေးနှင့် GAP မှတ်တမ်းစာအုပ် ဖြည့်စွက်နည်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ဆီထွက်သီးနှံအနေဖြင့် မိုးနှမ်းပြီးချိန် ဆောင်းသီးနှံအဖြစ် နေကြာနှင့် မြေပဲတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုနှစ်ဆောင်းရာသီတွင် ဆောင်းမြေပဲ သီးနှံကို ဧကပေါင်း (၅၇၈၇) ဧက စိုက်ပျိုးဆောင်ရွက်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင် (မင်းဘူး)