ကံမ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်များကို ကံမမြို့နယ်မှ ရေဘေးသင့်ပြည်သူများသို့ ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အမှာစကားပြောကြားပြီးနောက် ကံမမြို့နယ်မှ ရေဘေးသင့်ပြည်သူများသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် ဆန်(၁၉၀)အိတ်(၁၀)ပြည်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက ရေဘေးသင့်ပြည်သူများအား ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်နှင့် လူတစ်ဦးလျှင် (၁၀၀ဝ)ကျပ်နှုန်း ထောက်ပံ့မှုအား အဖွဲ့ဝင်-၂ ဦးမြင့်ရွှေ၊ အဖွဲ့ဝင်-၃ ဦးရဲအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ပေးအပ်ပြီးနောက် ရေဘေးသင့်အိမ်ထောင်စုဝင်များကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)