ပေါင်းတည် ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးတို့အတွက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားလာပြီး ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ အနာဂတ်အတွက် သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသိပညာပေး သုတ၊ ရသ စာအုပ်စာစောင်များပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ဗီနိုင်းပိုစတာများပြသဆောင်ရွက်ခဲ့ကြရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)