အုတ်ဖို ဇူလိုင် ၂၄
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်မခရေမြင့်တက်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့က ရေဘေးသင့်အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါရေဘေးထောက်ပံ့မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး ဦးဆောင်သောအဖွဲ့မှ က္ကဒန်ကျေးရွာသို့လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုးဦးဆောင်သောအဖွဲ့မှ ဘလားကျေးရွာအုပ်စု၊ ရွှေဘလား/ငွေဘလား ကျေးရွာများသို့လည်းကောင်း သွားရောက်ကာ ရေဘေးသင့်အိမ်ထောင်စုများအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်ညွှန်ကြားမှုဖြင့်ရေဘေးသင့်အိမ်ထောင်စု (၁၁၈) စု လူဦးရေစုစုပေါင်း (၃၈၆) တို့အား ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)