ပေါင်းတည် ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)၌ ယနေ့နေ့လယ် ၁ နာရီက မြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးမှူး ဦးဗန်လာအဲငါက ကျောင်းသား၊ ကျောင်းသူ လူငယ်များအား သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောများ မပြုန်းတီးအောင် ကာကွယ်စောင့်ရှောက်ရေး၊ သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုနှင့် ဂေဟစနစ်ပြောင်းလဲလာမှုနှင့် ဆိုးကျိုးများကို ဦးစွာဟောပြောပြီးနောက် သစ်တောသစ်ပင်များ စဉ်ဆက်မပြတ်ပွားများကာ ရှင်သန်ကြီးထွားရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ပြုစုစောင့်ရှောက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်နိုင်ကြရန် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် ထိုအသိပညာပေးဟောပြောမှု အချက်အလက်များနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းဆွေးနွေးရာ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေဆိုနိုင်ကြ၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းနှင့် မြို့နယ်သစ်တောဦးစီးမှူးက ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာစောင်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)