ဒေးဒရဲမြို့၌ လူငယ်ရေးရာ အားကစားအသိပညာပေးဟောပြောပွဲကျင်းပ

ဒေးဒရဲ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှထူးချွန်ထက်မြတ် သော အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်သူများ အစားအစာဘေးကင်းလုံခြုံရေးရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့ခြင်းကို ယနေ့နံနက်(၁၁)နာရီခွဲက လေးအိမ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးတင်မျိုးလွင်က အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ပတ်သက်၍ လူငယ်များ သိထားရမည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးရေးရာကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများ၊ စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားပါဝင်သည့် စားသောက် ကုန်များအား ဝယ်ယူစားသုံးရေးစသည့် သိမှတ်စရာအချက်အလက်များကို  အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားပစ္စည်းများကို ကျောင်းတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း